Pages

Monday, February 13, 2012 at 3:39 AM Posted by မင်းသားကြီး 0 Comments

ဘာကိုမှ မကြောက်ပါဘူးကွယ် …
မင်းဆင်တဲ့ ထောက်ချောက်ထဲ
မဆင်းမိမှာပဲ ငါကြောက်တယ်
အချစ်ဆိုတာ ပြေးရင်းလွှားရင်း
ခလုတ်တိုက်မိတတ်ကြတဲ့ အရာပေါ့ ။
ဘယ်လောက်မှ မဝေးပါဘူးကွယ် …
ပြောင်းပြန် ယူဆကြပေမယ့်
ပြန်ပြောင်းပြီး မက်ပေးလို့မရတာ
အိပ်မက်ပေါ့
မြေကြီးနဲ့ကောင်းကင်ဟာ
မြင်နိုင်ရုံလောက်သာ ဝေးပါတယ် ။
ဘယ်သူ့ကိုမှ အပြစ်မတင်ရက်ပါဘူးကွယ် …
စက္ကန့်တံထဲ အချိန်ထည့်ခဲ့သူကိုရော
“တူ” ပြီလို့ အော်ခဲ့တဲ့မင်းကိုရော
“ကမ္ဘာ” က “နေ” ကိုပတ်တာ
“လ” နဲ့တွေ့ရဖို့အတွက်ပဲ မဟုတ်လား ။
ဘာကိုမှ မလိုအပ်တော့ပါဘူးကွယ် …
မပြီးပြည့်စုံပဲ လိုအပ်ခြင်းက
သဘာဝတရားလို့ ခေါ်တယ်
ပြီးပြည့်စုံပြီး လိုအပ်နေခြင်းကိုတော့
လောဘတရားလို့ ခေါ်တယ်
ထပ်ကိန်းတွေတင်လည်း
ဘယ်လိုမှ မပြောင်းလဲတဲ့
ပြီးပြည့်စုံခြင်းမျိုးနဲ့ ငါ့ကိုတော့
ငါက “သုည” လို့ခေါ်တယ် ။
ဘာကိုမှ ရှက်မနေတော့ပါဘူးကွယ် …
လူယဉ်ကျေးတွေက
“မျှော်လင့်ခြင်း” လို့အမည်တပ်ပြီး
လက်မဖြန့်ပဲတောင်းတယ်
ငါကတော့
ခွက်လဲဆွဲတယ်
လက်လဲဖြန့်တယ်
လူယဉ်ကျေးလဲ လုပ်တယ်
သဒ္ဓါတရား အနည်းအများမထားဘဲ
မင်းငါ့အား “ရည်းစား” ထားတော့ ။ ။

0 Responses so far.

Post a Comment